(၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားအား ပုသိမ်မြို့၌ ကျင်းပ

ပုသိမ် ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ကျရောက်သည့် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်နိုင်ထွန်းက အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်မှ ပေးပို့သော သဝဏ်လွှာကို ဧရာဝတီတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ခေတ္တဒုတိယဥက္ကဋ္ဌ ဦးထွန်းဟန်က ဖတ်ကြားခဲ့သည်။ ထို့နောက် သင်တန်းကျောင်းမှ ကျောင်းသား/သူများအား နို့မှုန့်များ‌ ပေးအပ်လှူဒါန်းရာ သင်တန်းကျောင်းတာဝန်ခံက လက်ခံရယူခဲ့သည်။

သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဆွေက (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့နှင့်စပ်လျဉ်းသည့် ဗဟုသုတများကို ရှင်းလင်းဟောပြောပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူလင်းအောင်က (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "Cooperatives 4 sustainable development"ဆောင်ပုဒ်နှင့်အညီ ဟောပြောခြင်းများကို Video Clip ဖြင့် ပြသ၍ ရှင်းလင်းဆွေးနွေးကာ အခမ်းအနားတက်ရောက်ကြသူများနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်