သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လှဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

အင်းတော် ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ရှိ ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဆရာ/ဆရာမများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အတွင်း မိုးရာသီတွင် ဖြစ်ပေါ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်းတွင် ခြင်နှင့် ပိုးလောက်လန်းများ မပေါက်ဖွားနိုင်စေရေးအတွက်လည်းကောင်း၊ ခြင်မှ ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း ခြင်များမှ ကူးစက်တတ်သော ရောဂါများနှင့် ရာသီအလိုက် ဖြစ်ပေါ်တတ်သော ရောဂါများ မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အသိပညာပေးချက်များအား လိုက်နာဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိဘပြည်သူများအနေဖြင့် ကျန်းမာချမ်းသာပြီး ရောဂါဘယများ ကင်းဝေးနိုင်မှာဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်က ပြောပြခဲ့သည်။

အဆိုပါ အဖွဲ့သည် အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်အတွင်းရှိ နေအိမ်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ၎င်းနောက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး အကြောင်းအရာများကို မိဘပြည်သူများသို့ အသိပညာပေး ပြောကြားခဲ့ပြီး မိဘပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်နိုင်ရေး စည်းရုံးဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။ အဆိုပါ အဖွဲ့တွင် အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဆရာ/ဆရာမများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ