သရက်ချောင်း ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနက (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက မြို့နယ်အတွင်း အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှလှထွန်းက ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်မည့် အစီအစဥ်များ၊ ပုံစံသတ်မှတ်ချက်များနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက သရက်ချောင်းမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရရှိသော အဘိုး၊ အဘွား (၅၄၃)ဦးအတွက် ထောက်ပံ့ငွေ (၁၆၂၉၀၀၀၀)ကျပ်အား ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက လက်ခံရယူခဲ့ပြီးနောက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။
လူမှုရေးပင်စင်ထောက်ပံ့ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (ပထမ)သုံးလပတ်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၀)စုမှ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရရှိသည့် အဘိုး (၁၉၄)ဦး၊ အဘွား (၃၄၉)ဦး စုစုပေါင်း (၅၄၃)ဦးအား တစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေ ကျပ်(၃)သောင်းအား ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)