ဓနုဖြူမြို့နယ်တွင် မိုးရာသီကာလ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလက်တွေ့ သရုပ်ပြ

ဓနုဖြူ  ဇူလိုင်  ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မိုးရာသီကာလ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် လက်တွေ့သရုပ်ပြမှုကို ယနေ့နံနက် ၉ နာရီက ဧရာဝတီ ဟင်္သာတဘက်ကမ်းတာ တာမိုင် (၄၆/၄) မရမ်းချောင်းရေကင်းစခန်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထွန်းက မိုးတွင်းကာလတွင် ကြုံတွေရတတ်သော ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင် သတိပြုရမည့်အချက်များ၊ ကာကွယ်ရန် နည်းလမ်းများနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ရေပေါက် (ထူးပေါက်) ပေါက်ခြင်းနှင့် သဲဗွက် ထခြင်းအတွက်ရေခွေ ခွေခြင်း၊ တာတမံရေကျော်ခြင်း အတွက် တာထိပ်ဆင့်ခြင်း၊ တာအိ တာလျှောခြင်း၊ လှိုင်းပုတ်ခြင်း၊ ကမ်းပြိုခြင်း၊ ရေစိမ့်ခြင်းတို့အတွက် ကာကွယ်မှုနည်းစနစ်များ ကို လက်တွေ့သရုပ် ပြသပေးခဲ့ကြောင်းသိရသည်။

အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြစ်ကမ်း အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)