မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေး

မကွေး ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ သွားရောက်၍ ကြည့်ရှုအားပေးသည်။

ထို့သို့ စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား ဆရာ၊ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ စုပေါင်း၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းအားကစားကွင်းအား မြက်ဖြတ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်း စသည့် စုပေါင်းသန့်ရှင်ရေးများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်အသီးသီးမှ တာဝန်ရှိသူများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့် လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည် အရေးကြီးပါကြောင်း၊ ပညာသင်ကြားပေးနေသည့် ဆရာ/ဆရာများနှင့် ပညာသင်ယူနေသည့် ကျောင်းသား/ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ပျော်ရွှင်စွာ ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ကျောင်းသား/ကျောင်းသူများသည် ပညာ သင်ကြားရေးတွင်သာမကပဲ အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် အားလပ်ချိန်များတွင် ပျော်ရွှင်စွာကစားနိုင်ရေးအတွက် လေ့ကျင့်ခန်းပစ္စည်းများအား စုံလင်စွာထားရှိခြင်းနှင့် ကစားကွင်းသန့်ရှင်း သာယာလှရေးဆောင်ရွက်ခြင်းသည်လည်း ကျောင်းသား/ ကျောင်းသူများ ပိုမိုအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်းနှင့်အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို စုစုပေါင်းအင်အား(၂၀၀)ခန့်ဖြင့် ဆောင်ရွက်ခဲ့ပြီး သန့်ရှင်ရေးလာရောက်ဆောင်ရွက်သူများအား မြန်မာ့ရိုးရာမုန့်များနှင့် သောက် ရေသန့်ဘူးများ ဝေငှပေးခဲ့ ကြောင်း သိရသည်။

ထို့အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်မြို့ရွာသန့်ရှင်းသန့်ရှင်းသာယာ လှပစေရေး ဘုရားစေတီပထိုးများ၊ ရုံးဌာနအဆောက်အဦများနှင့်ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ပြည်သူများ ကျန်းမာရေးဆိုင်ရာ အထောက်အကူဖြစ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်(စနေနေ့တိုင်း) တိုင်းလုံးကျွတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ