မြင်းမူမြို့နယ်တွင် ရေသွင်းစိုက်ပျိုးခဲ့သည့်နှမ်းများ စတင်ထွက်ရှိကာဈေးကောင်း၍ တောင်သူများအဆင်ပြေ

မြင်းမူ  ဇူလိုင်  ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင်ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် ရေတင်နှမ်း(နွေနှမ်း)များ စတင်ရိတ်သိမ်း‌ရောင်းချနေပြီဖြစ်ရာ ဈေးနှုန်းကောင်း၍ တောင်သူများဝင်ငွေပိုမိုရရှိနေကြောင်း သိရသည်။

ရေတင်နှမ်း (နွေနှမ်း)ကို မြစ်‌‌‌ရေတင်နှင့်သော်လည်းကောင်း၊ မြေအောက်ရေရယူအသုံးခြင်းဖြင့် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ မြစ်ရေတင်စိုက်ပျိုးခြင်းက အကျိုးအမြတ် ပိုမိုရရှိကြောင်း၊ ရေတင်နှမ်းကို တပေါင်းလတွင်စိုက်ပျိုးကြပြီး  ကဆုန်လကုန်တွင်  စတင်ရိတ် သိမ်းကြကြောင်းနှမ်း(၁)ဧကအတွက် ကုန်ကျစရိတ်အနေဖြင့်  မျိုးစေ့၊ ထွန်ယက်ခ၊ ဆေးဘိုးအပါအဝင်ငွေကျပ်(၄)သိန်းခန့်ရှိကြောင်း၊ ထွက်ရှိမှုအနေဖြင့်ပုံမှန်(၁၀)တင်း အနည်းဆုံးရှိကြောင်း၊ ယခုလက်ရှိဈေးတွင် နှမ်း(၁)တင်းလျှင်  ငွေကျပ်(၁၁၀၀၀၀)ဖြင့် ဝယ်ယူလျက်ရှိရာ  (၁)ဧကလျှင်ငွေကျပ်(၇)သိန်းအမြတ်ရရှိကြောင်း၊ ယခုအခါ မိုးနှမ်းများ စတင်စိုက်ပျိုးရန်စီစဉ်လျက်ရှိကြကြောင်း နှမ်းစိုက်တောင်သူဦးသိန်းတန်၏ပြောပြချက်အရ သိရသည်။

မြင်းမူမြို့နယ်အနေဖြင့် ယမန်နှစ်က နွေနှမ်းဧက(၁၄၅)ဧကကိုစိုက်ပျိုးရန်လျာထားခဲ့ပြီး (၁၃၈) ဧကကို   စိုက်ပျိုးနိုင်ခဲ့ကြောင်း၊  ယခုနှစ်အတွက် မိုးနှမ်းဧက(၁၉၀၅၀)ကို စိုက်ပျိုးသွားရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူထံမှ သိရသည်။

အောင်စိုးဖေ(မြင်းမူ)