ကော့ကရိတ် ဇူလိုင် ၁
လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က ငါးတိုင်ကျေးရွာ အလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငါးတိုင်ကျေးရွာ အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမင်းထိုက်စံက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက ဌာန၏လုပ်ငန်း ဆောင်ရွက်ချက်၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဥ်တို့ကို အသိပညာပေး ပြောကြားခဲ့သည်။ ထိုနောက် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အေးအေးအောင်က လူငယ်နှင့် အားကစားအကြောင်း သိကောင်း စရာအကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြားပြီး ကျောင်းသူ၊ ကျောင်းသားများ အားလပ်ချိန်တွင် အားကစားပြုလုပ်နိုင်ရေးအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာ ကြီးက လက်ခံရယူခဲ့သည်။
ယင်းနောက် ခရိုင်ပြန်ဆက်ဦးစီးဌာနမှပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်အား ကျောင်းသူ၊ ကျောင်းသားများမှ စိတ်ပါဝင်စားစွာကြည့်ရှု့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)