လှိုင်းဘွဲ ဇူလိုင် ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထယ်ထိုး မြေမြုပ်ခြင်းကွင်းသရုပ်ပြပွဲကို မဲလောင်းလေးကျေးရွာရှိ တောင်သူ ဦးစောလှမင်းအောင်၏ လယ်ယာမြေ ကွင်းအမှတ်-၁၅၆၄၊ ဦးပိုင်အမှတ်(၈)၌ ယနေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးက လယ်ယာမြေများ မြေဆီလွှာတိုးတက်ကောင်းမွန်လာစေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ကို စပါးမစိုက်မီ ထယ်ထိုးထွန်မွှေပြီးနောက် ကြဲပက်၍ အပင်ပေါက်လာချိန် အပင်အသက်(၄၅)ရက်သားအရွယ်တွင် ထယ်ထိုး မြေမြုပ်ပြီး ကန်သင်းကို ရေလှောင်ပြီးနောက် အပုပ်ခံထားရကြောင်း၊ ပိုက်ဆံလျှော်ပင်များ ဆွေးမြေ့ပြီးနောက် တောင်သူများ၏ လယ်ယာမြေများသည် မြေဆီ၊ မြေသြဇာများ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ နှစ်စဉ် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကြဲပက်၍ ယခုလိုထယ်ထိုး၊မြေမြုပ်ပေးသွားလျှင် တောင်သူများ၏ လယ်ယာစိုက်ခင်းများရှိ မြေကြီး၏ ရုပ်ဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်သတ္တိများ တိုးတက်မြှင့်မားလာပြီး စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ကြစေရေးအတွက် ယခုလိုကွင်းသရုပ်ပြပွဲကို ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း တောင်သူများကို ရှင်းပြပေးခဲ့သည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးသိန်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများက တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)