သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်သက်မွေးပညာသင်တန်းကျောင်း(မကွေး)တွင် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဈေးရောင်းပွဲတော်ကျင်းပဆောင်ရွက်

မကွေး ဇူလိုင် ၁

(၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်တို့ ပူးပေါင်း၍ ဈေးရောင်းပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်သက်မွေးပညာ သင်တန်းကျောင်း(မကွေး)တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်သက်မွေးပညာ သင်တန်းကျောင်း(မကွေး) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာထွန်းနှင့် နည်းပြ ဆရာ/ဆရာမများ၊ ခရိုင်/မြို့နယ် သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ  (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ်အနေဖြင့် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်တို့ ပူးပေါင်း၍ကျင်းပသည့် ဈေးရောင်းပွဲတော်ဆိုင်းဘုတ်အား တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်သက်မွေးပညာ သင်တန်းကျောင်း (မကွေး) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားကို သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်သက်မွေးပညာ သင်တန်းကျောင်း (မကွေး) ခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာသမဝါယမဦးစီးဌာန၏ “လက်တွဲညီညာအတူ ပူးပေါင်းဆောင်ရွက်စို့” တေးသီချင်းအား နားဆင်ခဲ့ကြပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ သဝဏ်လွှာအား ဖတ်ကြား ခဲ့ပြီးနောက် ဈေးရောင်းပွဲတော်တွင် ဈေးများရောင်းချနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ သမဝါယမအသင်းများမှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥများအပြင် လူသုံးကုန်ပစ္စည်းများနှင့် ဒေသထွက် ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)