ကျွန်းစု၊ အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ ရဲမင်းဦးနှင့် ကျန်းမာ ရေးဝန်ထမ်း (၄) ဦးတို့က ယနေ့နံနက် (၉) နာရီမှစ၍ အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်းသားများအား Test kits ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ကျွန်းစုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ရွှေအဏ္ဏဝါပညာရေးဖောင်ဒေးရှင်း၌ ဖွင့်လှစ်ထားသော အထူးရဲသင်တန်းတွင် သင်တန်းသား (၃၂) ဦး၊ အရန် (၂) ဦး၊ နည်းပြ (၄) ဦးနှင့် အုပ်ချုပ်သူ (၂) ဦးတို့အား Test kits ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သံသယလူနာမရှိကြောင်း၊ ကတ္တလူကျေးရွာအုပ်စု၊ အမက(ထိန်ချောင်း) ၌ ဖွင့်လှစ်ထားသော အထူးရဲသင်တန်းတွင် သင်တန်းသား (၃၀) ဦး၊ အရန် (၂) ဦး၊ နည်းပြ (၃) ဦးနှင့် အုပ်ချုပ်သူ (၁) ဦးတို့အား Test kits ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အထူးရဲသင်တန်းသားတစ်ဦးမှာ (Positive) တွေ့ရှိရသဖြင့် ၎င်းအား ဂရုဏာနာရေးကူညီမှုမှ မော်တော်ယာဉ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ သီးသန့်အဆောင်၌ ထားရှိကာ ကျန်းမာရေးစောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းတွင် တက်ရောက်နေသောသူများအား အသွားအလာကန့်သတ်၍ သင်တန်းအား ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။
Positive ပြသူ အထူးရဲမိသားစုဝင်များ နေထိုင်သည့်နေအိမ်ပတ်ဝန်းကျင်အား အသွားအလာကန့်သတ်ထားရှိပြီး၊ မိသားစုဝင်များအား အမှတ် (၄) ရပ်ကွက်ရှိ အထကကျောင်းတွင် ဖွင့်လှစ်ထားသော Community Based Facility Quarantine သို့ ပို့ဆောင်ပြီး မြို့နယ်ဆရာဝန်ကြီးနှင့်အဖွဲ့က Swab ရယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းနှင့် အနီးကပ် Contact ရှိခဲ့သူများအား ဆက်လက်စိစစ်ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)