ပွင့်ဖြူ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ကျေးလက်ဒေသတစ်ခွင် သာယာစိမ်းလန်းစိုပြည်စေရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ၏ လမ်းဘေး(ဝဲ ၊ ယာ) တစ်လျှောက် အရိပ်ရ သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
အဆိုပါ အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးရာတွင် ဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မိမိလွင်က ကျေးရွာနေပြည်သူများကို အရိပ်ရသစ်ပင် စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်နှင့် အရိပ်ရသစ်ပင်များ ရှင်သန်ကြီးထွားရေး ကျေးရွာချင်းဆက်လမ်းများတစ်လျှောက်ရေရှည်အသုံးပြု သွားလာနိုင်ရေးဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးပြောကြား သည်။
ထို့နောက် အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာနေပြည်သူများနှင့်အတူ ပွင့်ဖြူမြို့နှင့် ညောင်ပင်ရွာ ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ပေးထားသည့် ဂဝံမြေနီလမ်း၊ လမ်းဘေး(ဝဲ ၊ ယာ) တစ်လျှောက်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ထောက်ပံ့ပေးသည့် အရိပ်ရ တမာပျိုးပင် ၄၅ ကို လည်းကောင်း၊ ဖလံတော -ရွာသာကြီး ကျေးရွာချင်းဆက် ဂဝံမြေနီလမ်းဘေး(ဝဲ ၊ ယာ)တွင် တမာပျိုးပင် ၆၅ ပင်ကို လည်းကောင်း ၊ ဇီးကိုင်း- ကျောင်းတော်ရာ ကျေးရွာချင်းဆက် ဂဝံမြေနီလမ်းဘေး(ဝဲ ၊ ယာ)တွင် တမာပျိုးပင် ၁၁၅ ပင်ကို လည်းကောင်း တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများရာသီမရွေး လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရန်အတွက် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာချင်းဆက်လမ်း/တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယခုကဲ့သို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် ကျေးလက်ဒေသတစ်ခွင် သာယာစိမ်းလန်းစိုပြည်စေရန်အတွက် ကျေးရွာနေပြည်သူများနှင့် ပူပေါင်းပြီး မိုးရာသီကာလ အရိပ်ရသစ်ပင်များကိုလည်း ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိမိလွင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )