ပွင့်ဖြူ ဇူလိုင် ၁
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာ အားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင် မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စောစောထားနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ ၊ မြို့နယ် သစ်တောဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြပြီး အရိပ်ရပျိုးပင် တမာ ၁၀၀ ပင်၊ ကျွန်းပင် ၂၀၊ ခရေပင် ၂၀၊ ရေတမာ ၁၀ ပင်၊ စုစုပေါင်း အရိပ်ပျိုးပင် ၁၅၀ အား မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စံပြကျေးရွာ အားကစားကွင်း၌ တစ်အုပ်တစ်မစိုက်ခင်းအဖြစ် တစ်ပျော် တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ယခု အကောင်အထည်ဖော်စိုက်ပျိုးသည့် တစ်အုပ်တစ်မစိုက်ခင်းအား ရှင်သန်ကြီးထွားဖွံ့ဖြိုးစေရန် မြို့နယ်သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျေးရွာနေပြည်သူများက စနစ်တကျ စုပေါင်းထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော်ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မိုးရာသီကာလတွင် ဒေသတွင်း သဘာဝပတ်ဝန်းကျင် သာယာစိမ်းလန်းစိုပြည်စေရန်၊ ရာသီဥတုဂေဟစနစ် မျှတကောင်းမွန်စေပြီး အပူဒဏ်ကာကွယ်နိုင်ရန်၊ ဒေသခံ ပြည်သူလူထုအား သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်ကာ အရိပ်အာဝါသ မျက်စိပသာဒအကျိုး ကျေးဇူးများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြို့နယ်သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်ခြံ၌ ကျွန်း၊ ယူကလစ်၊ တမာ၊ မယ်ဇလီ၊ ခရေ၊ ရေတမာ၊ ရှား၊ သစ်ဆိမ့်၊ လျှော်ဖြူ၊ ဆီး၊ ကုက္ကို၊ မျင်ဝါး စသည့် အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲတော်များကို အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )