ကျွန်းလှ ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းကို ယမန်နေ့က ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား အားကစား၏အဓိပ္ပါယ်၊ အားကစားနည်း အမျိုးအစားများ၊ အားကစားလေ့ကျင့်လိုက်စားခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အားကစားပစ္စည်းများဖြစ်သည့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်ဘောလုံးများ လှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား Myanmar Fitness Dance ဖြင့် သရုပ်ပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)