ကသာ ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာခရိုင်စုပေါင်းဝန်ထမ်းအိမ်ရာတိုက်ခန်းနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့၏ အနောက်ဘက်ခြမ်းခြံဝင်းအတွင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကို ယမန်နေ့နံနက် (၈)နာရီအချိန်က စိုက်ပျိုးခဲ့ကြသည်။
မိုးရာသီအကြို သစ်ပင်စိုက်ပွဲသို့ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ယာယီဥက္ကဋ္ဌ ဦးရဲထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ NGOအသင်းအဖွဲ့ဝင်များက တက်ရောက်ခဲ့ကြပြီး၊ သစ်ပင်မျိုးစုံ (၆၅၀)ပင်အား စုပေါင်းစိုက်ခဲ့ ကြသည်။ ခရိုင် သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သစ်တောသစ်ပင်များ လျော့နည်း လာခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာစေပြီး ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်း စသည့်သဘာဝ ဘေးအန္တရာယ် ကျရောက်လာမှုအပေါ် သစ်တောသစ်ပင်များ စိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ပြည်သူများ၏ အခန်းကဏ္ဍတွင် အရေးကြီးကြောင်း၊ သစ်တောသစ်ပင်များ၏ တန်ဘိုးကိုသိရှိနိုင်သည်နှင့်အမျှ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပွဲများ ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သစ်ပင်စိုက်ပွဲတွင် ကျွန်း(၂၀၀)ပင်၊ ပျဉ်းကတိုး (၁၅၀)ပင်၊ စိန်ပန်း(၁၀၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်နှင့် ပိတောက်(၁၀၀)ပင် စုစုပေါင်း (၆၅၀)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)