အိမ်မဲ ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ မင်္ဂလာဇေယျုံ ဘုန်းတော်ကြီးကျောင်း အတုလမာရဇိန် အောင်ချမ်းသာတန်ဆောင်းတော်ကြီး၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဆေးဝါးများလာရောက်ကုသပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့်အဖွဲ့သည် အိမ်မဲ မြို့နယ် ကြို့ကုန်းကျေးရွာ မင်္ဂလာဇေယျုံ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိလာပြီး ကျောင်းရှိ သံဃာတော်များအား ဆန် (၅)အိတ်၊ ဆီ (၃၀)ပိဿာ၊ ဆား (၃၀)ပိဿာ၊ ပဲ (၃၆)ပြည်နှင့် သင်္ဃန်းခြင်း (၃)ခြင်းတို့ကိုလှူဒါန်း ခဲ့သည်။
ထို့နောက်တိုင်းမှူးနှင့်အဖွဲ့သည် ကြို့ကုန်းကျေးရွာ မင်္ဂလာဇေယျုံ ဘုန်းတော်ကြီးကျောင်း အတုလမာရဇိန် အောင်ချမ်းသာတန်ဆောင်းတော်ကြီး၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်းမှ ဗိုလ်မှူးချုပ် စိုးသီဟလွင်ဦးဆောင်သောအဖွဲ့မှ အဆိုပါ ကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ရွာများမှာ ပြည်သူများအားဆေးကုသပေးနေမှုတို့ကို လိုက်လံ ကြည်ရှုပြီးအားပေး စကားများပြောကြားခဲ့သည်။အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ကြိုကုန်းကျေးရွာအုပ်စုတွင် အထွေထွေကုသမှု (၁၁၉) ဦး၊ ခွဲစိတ်ကုသရန်လိုအပ်သူ (၄၄) ဦး၊ မျက်စိကုသမှု (၆၇)ဦး၊ သားဖွားမီးယပ် (၈)ဦး၊ သွားရောဂါ (၂၃) ဦး စုစုပေါင်းလူနာ (၂၆၁) ဦးအား ဆေးဝါးကုသပေးနိုင်ခဲ့ကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ)