ကသာပညာရေးဒီဂရီကောလိပ်၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် “လူငယ်စကားဝိုင်း” ကျင်းပ

ကသာ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်၊ လူရွယ်များ ဗလငါးတန်ပြည့်ဝစေရေး၊ အသိပညာဗဟု သုတတိုးပွားလာစေရေးအတွက် “လူငယ်စကားဝိုင်း”ကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကသာပညာရေး ဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် အနာဂတ် မျိုးဆက်သစ်ကျောင်းသား/ ကျောင်းသူများသည် ကာယဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် နှင့်ပြည်စုံစေရန်၊ အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်၊ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်၊ လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်းသည့် လူတော်လူ ကောင်းလေးများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ကာ ကသာပညာရေး ဒီဂရီကောလိပ်မှ မောင်နေမင်းဟိန်း(ဒုတိယနှစ်-ပထမနှစ်ဝက်တန်းခွဲ(B)မှ “လူငယ်နှင့် မူးယစ်ဆေး”၊ မနှင်းဆုရီ (ပထမနှစ်-ဒုတိယနှစ်ဝက်တန်းခွဲ (A)မှ “လူငယ်နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး”၊ မောင်စိုင်းမင်းကျော် (ဒုတိယနှစ်-ပထမနှစ်ဝက်တန်းခွဲ(A)မှ “လူငယ်နှင့် အားကစား”ခေါင်းစဉ်နှင့် မအိအိအောင် (PPTT)က လူငယ်နှင့်လူကုန်းကူးမှုအန္တရာယ် စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေး ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ပြီး ဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများအလိုက် ဖြည့်စွက်ဖြေကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကသာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက ကျေးဇူးတင်စကားပြောကြားပြီး ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက “လူငယ်စကားဝိုင်း”တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)