မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၁) ဦး ထပ်တိုးတွေ့ရှိ

မင်းဘူး အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၁) ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး အမှတ် (၄) ရပ်ကွက် ရေလဲပေါက်နေသူ အမျိုးသားတစ်ဦး ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြုပြောကြားသည်။

အတည်ပြုလူနာ အသက် (၃၀) နှစ် အမျိုးသားသည် ကုန်တင်ယာဉ်မောင်းဖြစ်ပြီး မင်းဘူးမြို့ အ.ထ.က(၂) ကျောင်းတွင် စက်တင် ဘာလ ၃၀ နေ့က Facility Quarantine ထားရှိသူဖြစ်ကြောင်း၊ အောက်တို့ဘာ ၄ ရက်နေ့တွင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ Swab များရယူခဲ့ပြီး ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာဓါတ်ခွဲမှုဌာန(NHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့နံနက်ပိုင်းက ရောဂါပိုးတွေ့ အဖြေ ထွက်ရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။

အဆိုပါ ပိုးတွေ့လူနာကို ယမန်နေ့နံနက်ပိုင်းက  မင်းဘူးမြို့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ သီးသန့် ဆောင်၌ ဆေးကုသပေး လျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့တွင် ယနေ့အထိ ပိုးတွေ့လူနာ (၆)ဦးအထိ တွေ့ရှိခဲ့ပြီး (၂)ဦးမှာ ကျန်းမာရေး ကောင်းမွန်၍ အောက်တိုဘာ ၁၁ ရက် ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း၊ မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့အထိ ပိုးတွေ့လူနာ (၄) ဦး ဆေးကုသမှု ခံယူနေပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)