နတ်မောက် ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာအုပ်စု၊ ကြူအိုင်ကျေးရွာ တောင်သူများသည် နွေစပါးများစတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
ကြူအိုင်ကျေးရွာရှိ လယ်မြေများတွင် နွေစပါးများကို ဖေဖော်ဝါရီလနောက်ဆုံးပတ်၊ မတ်လ ပထမပတ်အတွင်း စိုက်ပျိုးခဲ့ရာ ယခုအခါနွေစပါးများရင့်မှည့်နေပြီဖြစ်၍ စတင်ရိတ်သိမ်းနေကြခြင်း ဖြစ်သည်။ အဆိုပါ နွေစပါးစိုက်ခင်းများတွင် ဒေသမျိုးကိုအသုံးပြုစိုက်ပျိုးခြင်း နည်းပါးကြပြီး အထွက်ကောင်းမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြ၍ အများအားဖြင့် ဆင်းသုခစပါးမျိုးများကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကြူအိုင်ကျေးရွာ လယ်မြေများအတွက် စပါးစိုက်ရန်ဆည်ရေကို နတ်မောက်ရေလှောင်တမံမှ တိုက်ရိုက်သောက်စနစ်ဖြင့် အသုံးပြုကာ ယင်းချောင်းအတွင်းမှ လယ်ကွင်းများဆီသို့ ပဲ့ဆည်ပဲ့ မြောင်းပြုလုပ် ရေယူကြခြင်းဖြစ်ကြောင်း ကြူအိုင်ရွာတောင်သူ ဦးတင်ငွေကပြောသည်။
မူမူစန်း