မြိတ်မြို့တွင် လူတစ်ဦးချင်းစီ၏ Biometric အချက်အလက်များအား Enrollment Device ဖြင့်  စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်ပြီး QR ကုတ်ပါသည့် UID နံပါတ် ပြန်လည် ထုတ်ပေး

မြိတ်   ဇူလိုင်   ၁

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက် မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရှိရာတွင် လူတစ်ဦးချင်းစီ၏ Biometric အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်ရေးလုပ်ငန်းကို Biometric Enrollment Application Form (ပုံစံ-၁) ဖြင့် ဆောင်ရွက်လျက်ရှိကြရာ မြိတ်မြို့နယ်တွင်  ယမန်နေ့က စတင်၍  ဆိပ်ငယ်ရပ်ကွက်၊ ရုံးလမ်း မြိတ်မြို့နယ် ဦးစီးမှူးရုံးနဘေး အဆောက်အဦတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်များကို အီလက်ထရောနစ်မှတ်ပုံတင်လုပ်ငန်းအဖြစ် serverအတွင်း ရေးသွင်းသည့်လုပ်ငန်းဖြစ်ပြီး e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကိုယ်ရေးအချက်အလက်မှတ်တမ်းအား e-ID Biometric Registration System အတွင်းသို့လည်ကောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)များအား e-ID Household Registration System အတွင်းသို့လည်းကောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထည့်သွင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Biometric အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်ရေးလုပ်ငန်းတွင် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို Enrollment Application Form (ပုံစံ-၁)ဖြင့် မျက်နှာ၊ မျက်လုံး၊ လက်ပွေကို Screen ဖတ်ပြီး အချက်အလက်များအား Enrollment Device ဖြင့်  server ထဲထည့်၍  အချက်အလက်များကို QR ကုတ် ပါသည့် ဂဏန်း(၁၀)လုံးပါသော UID နံပါတ် ပြန်လည်ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းကို ဦးတည် အုပ်စုများ သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေ ဦးဆောင်၍ ဝန်ထမ်းများက Biometric အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုသည့် စက်ပစ္စည်းများ ဖြင့် တစ်ဦးချင်းစီ စတင်ဆောင်ရွက်ပေး၍ QR ကုတ် ပါသည့် ဂဏန်း(၁၀)လုံးပါသော UID နံပါတ်ပြန်လည်ထုတ် ပေးလျက်ရှိပြီး ကနဦးအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်မှီခိုသူမိသားစုဝင်များကို ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင် ဦးစီးမှူး ဦးထွန်းဇော်ဦးတို့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )