လပွတ္တာ ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် စပါးအထွက်နှုန်း တိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) ထည့်သွင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက ကျောက်ဖြူကျေးရွာအုပ်စု ကျောက်ဖြူကျေးရွာရှိ တောင်သူ ဦးအောင်သူ၏ လယ်မြေ (၁၅) ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ ထည့်သွင်းဆောင်ရွက်ခြင်းကို မြို့နယ် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် ကျေးရွာအုပ်စု (၂၂)အုပ်စုရှိပြီး လယ်မြေ (၂၅၀၀) ဧကတွင် သစ်စိမ်း မြေသြဇာ ထည့်သွင်းဆောင်ရွက်လျက်ရှိရာ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) ထည့်သွင်း ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမြေများတွင် ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်ပြီး လယ်မြေ အတွင်းရှိ ပေါင်းပင်များကို နှိမ်နှင်းနိုင်ကြောင်းနှင့် မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကို ရှင်သန်တိုးပွားစေကြောင်းသိရပြီး သစ်စိမ်းမြေသြဇာစိုက်ပျိုးခြင်းဖြင့် တစ်ဧကလျှင် ပုလဲ ဓာတ်မြေသြဇာ (၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကာ မြေဆီလွှာအချဥ်ဓာတ် ကို ထိန်းညှိပေးနိုင်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်