ဟင်္သာတ အောက်တိုဘာ ၁၁
ဟင်္သာတမြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့အဝင်/အထွက်ဂိတ်များတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့များက အထူးကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့သို့ အဝင်/အထွက် သွားလာနေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်အ သုံးပြုခရီးသွားလာကြသည့် ခရီးသွားပြည်သူများကို ခရီးသွားရာဇဝင် အချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာပြီး သွားလာစေခြင်း၊ Stay at home မြို့နယ်များ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ဒေသများမှ ရောက်ရှိလာသည့် ခရီးသွား ပြည်သူ များကို Quarantine ဝင်ရောက်နိုင်စေရန် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို စစ်ဆေးဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မြို့နယ်(မစက) နှင့် လူမှုကူညီရေးအသင်းအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်း အဖွဲ့များက မြို့အဝင်/အထွက် စစ်ရေးဂိတ်(၃) နေရာတို့တွင် အလှည့်ကျ တာဝန်ချထားမှုစနစ်ဖြင့် နေ့/ညမပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျော်ကျော် (ပြန်/ဆက်)