ကျွန်းစု ဇွန် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ဌာနဆိုင်ရာဝန်ထမ်းများအား ဇီဝဆိုင်ရာ အချက် အလက်များ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၁၀) နာရီမှ စတင်၍ မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး၌ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန် လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခု တည်းသော နံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်။
ကျွန်းစုမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား e-ID စနစ်ဖြင့် ကိုယ်ရေး အချက်အလက်များ ကောက်ယူပြီး Data base အတွင်းသို့ ထည့်သွင်းခြင်း လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းအောင် ကြီးကြပ်မှုဖြင့် မြို့နယ် စာရင်းကောက်ယူ ရေးအဖွဲ့က ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ကြပြီး ဆောင်ရွက်ပြီးစီးသော Unique ID နံပါတ်ပါ ကတ်ပြားများအား တာဝန်ရှိသူများက ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်