ပဲခူး ဇွန် ၃၀
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဩဝါဒစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးတို့က (၄)ဘာသာဂုဏ်ထူးရရှိသူများအားလည်းကောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက (၃)ဘာသာဂုဏ်ထူးရရှိသူများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများကိုယ်စား ကဝမြို့နယ်၊ အ.ထ.က(ဖလေး)မှ (၅)ဘာသာဂုဏ်ထူးရှင် မသဲထက်စုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ အမှတ်(၁)နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက “ကလက်စုံညီရှိဦးချီ”သီချင်းနှင့် “ပြည်မြန်မာ”သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂၃၉၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၈၅၃၁)ဦး အောင်မြင်ခဲ့ရာ အောင်မြင်မှု(၆၈.၈၃) ရာခိုင်နှုန်းရရှိခဲ့ပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိမှုအနေဖြင့် (၅)ဘာသာဂုဏ်ထူးရရှိသူ(၁၉)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၁၁၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၃၉၃)ဦး ရရှိခဲ့သဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စုစုပေါင်းငွေကျပ် (၈၆၅၀၀၀၀၀)(ကျပ်ရှစ်ရာခြောက်ဆယ့်ငါးသိန်းတိတိ) ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)