ပဲခူး အောက်တိုဘာ ၁၁
ပဲခူးမြို့နယ်အတွင်းရှိ Quarantine Site များနှင့် ဖျားနာလူနာဆေးကုခန်း (Fever Clinic)တွင် ပူးပေါင်းပါဝင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ပဲခူးမြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီ သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်ဇော်လွင်က အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါက်တာနေမျိုးက ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား တာဝန်များ ထမ်းဆောင်ချိန်နှင့် သွားလာလှုပ်ရှားရာတွင် မိမိကိုယ်ကို ကျန်းမာရေးအတွက် ဂရုစိုက် လိုက်နာရမည့် အချက်များကို လမ်းညွှန်ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါက်တာနေမျိုး၊ ပဲခူးမြို့နယ်ကြက်ခြေနီ အသင်းခွဲ ဉက္ကဋ္ဌ ဦးအောင်ဇော်လွင်၊ ပဲခူးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်ဆက်နှင့် တာဝန်ရှိသူများက ပဲခူးမြို့နယ် အတွင်းရှိ (Quarantine Site)များနှင့် ဖျားနာလူနာဆေးကုခန်း (Fever Clinic)တို့တွင် ပါဝင် တာဝန်ထမ်းဆောင် လျက်ရှိကြသည့် ကြက်ခြေနီသူနာပြုတပ်ဖွဲဝင်(၂၁)ဦးအတွက် တစ်ဦးလျှင် ချီးမြင့်ငွေကျပ် (၃၃၀၀၀)နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း အိတ်ဆောင်(၁)လုံးအား အသီးသီး ချီးမြင့်ပေးခဲ့ကြကြောင်း သိရသည်။
ယနေ့ကျင်းပပြုလုပ်သည့် ပဲခူးမြို့နယ်ရှိ ကြက်ခြေနီသူနာပြု တပ်ဖွဲဝင်များအတွက် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ခြင်း အခမ်းအနားသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်တွင် သူနာပြုတပ်ဖွဲ့ (၇၀) ကျော်အတွက် ဆန်နှင့် ကြက်ဉများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ကြက်ခြေနီသူနာပြု တပ်ဖွဲဝင်များသည် Quarantine Siteများ နှင့် ဖျားနာလူနာဆေးကုခန်း (Fever Clinic)များအပြင် အများပြည်သူများအတွက် ကိုဗစ်-၁၉ အသိပညာ ပေးခြင်းများကို မော်တော်ယာဉ်ဖြင့် လိုက်လံနိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ပါဝင်လုပ်ဆောင် ပေးကြကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)