ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့ပေါ်နှင့်ရပ်ကွက်​၊ ကျေးရွာများသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ပြည်သူပါဝင်မှုဖြင့် အပတ်စဥ်ဆောင်ရွက်သွားရန်၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ မိုးစပါးစိုက်ပျိုးသည့်ဧကများ အောင်မြင်ဖြစ်ထွန်းရေး သက်ဆိုင်ရာအဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေး လုပ်ငန်းများ ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာများက မိုးစပါးစိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုနှင့် တစ်ဧကစပါး (၁၀) တင်းနှုန်း ပိုမိုတိုးထွက်စေမည့် နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့​ဖြိုးရေးလုပ်ငန်း အခြေအနေများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း