ကျွန်းစုမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျွန်းစု ဇွန် ၃၀

တနင်္သာရီတိုင်းဒေကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မအိုင်ကျေးရွာအုပ်စု၊ လင်မလိုကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူကုန်ကူးမှုဆိုတာ ဘာလဲ၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ လူကုန်ကူးခံရနိုင်သူများအကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာများ အကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရှောင်ရမည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ အန္တရာယ်ဖြစ်စေနိုင်သော မူးယစ်ဆေးဝါးအမျိုးအစားများ၊ စိတ်ကြွရှုးသွပ်ဆေးပြားများ သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ ဆေးခြောက်ပင်နှင့် သုံးစွဲခြင်း၏ ဆိုးကျိုးများ စသည့်အချက်များပါဝင်သော နံရံကပ် ဗွီနိုင်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)