ငဖဲမြို့ ချင်းစုရပ်ရှိ လယ်မြေတွင် ပံဖူးစားပြောင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ မိသားစု စီးပွားရေးအဆင်ပြေ

ငဖဲ ဇွန် ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့ ချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေးတွင် တည်ရှိပြီး မြို့၏အရှေ့ဘက်လယ်မြေများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့်အတူ မြေအောက်ရေနှင့် မန်းချောင်းရေကို အသုံးပြု၍ ပံဖူးစားပြောင်းများ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း၍ မိသားစု စီးပွားရေးအဆင်ပြေ လျက်ရှိကြောင်း  တောင်သူ ဒေါ်လှအေးထံမှ သိရသည်။

စိုက်ပျိုးတဲ့ပြောင်းမျိုးက ပါဖယ်ဝှိုက်မျိုးဖြစ်ပြီး ပြောင်းဖူးစေ့ ၅၀၀ ဂရမ် ၁ ထုတ်ကို ငွေကျပ် ၂၃၀၀၀ ခန့်ပေးဝယ်ရကြောင်း၊ အပင်ကို ကြားကြောင်းဆွဲပြီး အစေ့ချစနစ်နဲ့ ပင်တန်းကြား ၁ ပေခွဲ၊ အပင်ကြား ၁၀ လက်မအကွာ ကြားချပြီးစိုက်ပျိုးကြောင်း၊ အပင် ရက်သား ၂၀ ကျော်မှာ ဘောင်လုပ်၊ ရေသွင်း၊ အပင်သန်နဲ့ မြေဩဇာကျွေး၊ ဆေးဖြန်းခြင်းများကို ပုံမှန်ဆောင်ရွက်ပေးရကြောင်း၊ ယခုအကြိမ် ပြောင်းခင်းကို မတ်လတွင် စိုက်ပျိုးခဲ့ရာ ပင်ကြား၊ တန်းကြား အနည်းငယ်စိတ်သွား၍ ပြောင်းဖူးများ အဖူးသေးသွားကြောင်း၊ မိမိ၏ လယ်မြေ ဒဿမ ၇၀ တွင် ပြောင်းပင်ပေါင်း တစ်သောင်းကျော်ခန့် စိုက်ပျိုးထားပြီး နှစ်ပတ်လည်အနေဖြင့် စပါးနှင့် ဖူးစားပြောင်းကို အဓိကထားစိုက်ပျိုးကြောင်း၊ ပြောင်းပင်များ ၃ လကျော်ပြီဖြစ်၍ ခူးချိုးရောင်းချရာ  ပြောင်းဖူးတစ်ဖူးလျှင်  ၃၅၀ ကျပ်၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် မိမိအိမ်နှင့်မြို့မဈေးတွင် ဖောက်သည် ပေးရောင်းချရကြောင်း၊ ပံဖူးစားပြောင်းများကို နှစ်စဉ်မပျက် စိုက်ပျိုးရောင်းချရာအဆင်ပြေ၍ မိသားစုစီးပွားရေးအဆင်ပြေကြောင်း ချင်းစုရပ်ကွက်မှ ပြောင်းစိုက်ပျိုးသော တောင်သူ ဒေါ်လှအေးက ပြောကြားသည်။

ငဖဲမြို့နယ်တွင် ပံဖူးစားပြောင်းများကို မြို့မရပ်ကွက်၊ ပင်ဦး၊ ကျောင်းတွင်း၊ ချောင်းဖြူ၊ နယ်ဇော၊ အိုးမြေတွင်း၊ ဇီးတော၊ ပေါင်းကလေး၊ ပန်းထိမ်း၊ ဆင်ချည်တိုင်၊ မာန်အောင်နှင့် စည်သာကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး စိုက်ဧက (၂၄၀)ဧကရှိကာ တောင်ပေါ်ဒေသ ကျေးရွာများတွင်လည်း ဖူးစားပြောင်းများကို စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)