တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းသို့  တက်ရောက် ကြည့်ရှုအားပေး   

ထားဝယ်  ဇွန် ၃၀

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီး၍ ကြက်ခြေနီတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့ ဆရာ/မများနှင့်ကျောင်းသား/သူများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ထို့သို့ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးငြှိမ်းသတ်ယာဉ်၊ လူနာကူညီသယ်ဆောင်ရေး ယာဉ်များဖြင့် အလျှင်အမြန်ရောက်ရှိနေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းကိရိယာများအား အသုံးပြု၍ကယ်ဆယ်ခြင်းများကို လျင်မြန်စွာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြ သည်။

ထို့နောက်ငလျင်လှုပ်ခတ်ပြီးသည့်နှင့်တစ်ပြိုင်နက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကျောင်းအဆောက်အဦအတွင်း ပိတ်ဆို့ဖိမိ နေသူများအားလိုက်လံရှာဖွေပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြု၍ အဆောက်အဦအပြင်ဘက်သို့လျင်မြန်စွာကယ် ထုတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

 

၄င်းနောက်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ရာအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့များက ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့်အရေးပေါ် နှလုံးနှိုးဆွ အသက်ရှုနည်းဖြင့် ပြုစုပေးခဲ့ကြပြီးကယ်ဆယ် ရေးယာဉ်ဖြင့်တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခြင်းနှင့်မိဘများထံ စနစ်တကျလွှဲပြောင်းပေးခြင်းတို့ကိုအချိန်တို အတွင်းအလျင်အမြန်ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကျောင်းအခြေပြု ငလျင်ဘေး ဇာတ်တိုက် ပြုလုပ်ရခြင်းသည် လူအများ စုဝေးသော နေရာဖြစ်သည့်အတွက် ထိခိုက်မှုနှင့်အန္တရာယ်ပိုများသော နေရာဖြစ်သောကြောင့် ကျင်းပရခြင်းဖြစ်ကြောင်း၊  ဇာတ်တိုက်ကြိုတင်ပြုလုပ်ရခြင်းအကြောင်းသည် အခုချိန်တွင်အေးချမ်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပေမဲ့လည်း တကယ်ဖြစ်ပေါ်လာပါက ထိခိုက်မှုများ လည်းဖြစ်နိုင်သောကြောင့် စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရန် ရုန်းကန်ကြိုးစားလှုပ်ရှားရနိုင်ကြောင်း၊  ယခုဇာတ်တိုက်လေ့ကျင့်ထားသောကြောင့်လုပ်ကိုင်ဆောင်ရွက်သည့်အခါတွင်အဆင်ပြေစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နေရာတိုင်းတွင် ဇာတ်တိုက်လေ့ကျင့်ထားမှုများလေ လုပ်ကိုင်ဆောင်ရွက်သည့် အခါတွင် ပိုမို၍ လွယ်ကူလာနိုင်ကြောင်း၊ငလျင်ဘေးဖြစ်ပေါ်ပြီးချိန်တွင် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်း များ ဝင်ရောက်လာပါက စနစ်တကျလုပ်ကိုင် ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း၊  ဇာတ်တိုက် လေ့ကျင့်မှုများတွင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့်ပူးပေါင်းပါဝင်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)