မင်းဘူး(စကု)မြို့နယ်တွင် ပြောင်းဖူးဈေး ကောင်းသောကြောင့် တနှစ်ပတ်လုံးစိုက်ပျိုး

မင်းဘူး ဇွန် ၃၀

မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည် ပြောင်းဖူးဈေး ကောင်းသောကြောင့် နှစ်ပတ်လည် စိုက်ပျိုးကြကြောင်း ဒေသခံပြောင်းဖူးစိုက် တောင်သူများထံမှ သိရသည်။

ပြောင်းဖူးများတွင် ဖူးစားပြောင်း၊ နှံစားပြောင်း၊ ပြောင်းကြမ်းဟူ၍ သုံးမျိုးရှိပြီး ဖူးစားပြောင်းတွင်လည်း သကြားပြောင်းနှင့် ပြောင်းစေးဟူ၍ နှစ်မျိုးရှိသေးသည်။ သကြားပြောင်းနှင့် ပြောင်းစေးများမှာ ဈေးတူဖြစ်ပြီး တစ်ဖူးလျှင် လက်လီဈေး ၂၀၀၊ ၂၅၀ ကျပ်အထိရှိသဖြင့် အခြားသီးနှံများ စိုက်ပျိုးခြင်းထက်ပို၍ တွက်ချေကိုက်ကြောင်း သိရသည်။

အခြားသီးနှံများမှာ သီးနှံများ ပေါ်စတွင်သာ ဈေးကောင်းရရှိကြသော်လည်း နောက်ပိုင်းတွင် ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားတတ်သဖြင့် စိုက်ပျိုးသူများ အဆင်မပြေ ဖြစ်တတ်သည်။ ပြောင်ဖူးဈေးကွက်မှာတော့ မိုးဦးပြောင်းဖူးများ ပေါ်ချိန်မှာ တစ်ဖူးလျှင်ကျပ် ၁၅၀/၂၀၀ ဈေးသာရောင်းရသော်လည်း ယခုအချိန်အထိ ဈေးကောင်းမြဲဖြစ်ပြီး စိုက်ခင်းများ နုတ်သိမ်းပြီးသူများနှင့် ယခုမှ စိုက်ပျိုးသူများသာ ရှိကြသဖြင့် တစ်ဖူးလျှင်ကျပ် လက်ကားဈေး ၁၅၀ ကျပ်နှင့် လက်လီဈေး ၂၀၀ ရောင်းချရသောကြောင့် ဈေးရရှိကာ ဈေးကောင်းနေမြဲဖြစ်သည်။

ပြောင်းစိုက်ပျိုးလုပ်ကိုင်သူများသည် စိုက်ပျိုးသည့်မြေကောင်း၍ မြေအောက်ရေများဖြင့် ရေသွင်းပြီး စိုက်ပျိုးလုပ်ကိုင်ရာတွင် အဆင်ပြေကြသော်လည်း မိုးတွင်းကာလလောက် အပင်ဖြစ်ထွန်းမှု မရှိတော့ပေ။ သို့သော် ဈေးကောင်းရရှိပြီး တွက်ချေကိုက်သောကြောင့် ပြောင်းဖူးစိုက်ပျိုးသူ ပိုမိုများပြားလာကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်စံကျေးရွာမှ ပြောင်းစိုက်တောင်သူ ကိုဆန်းထွန်းက ပြောသည်။

ဇေယျာထက်(မင်းဘူး)