ဘားအံ ဇွန် ၃၀
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် ပညာရေးဘွဲ့သင်တန်းများအနက် အဆင့်အမြင့်ဆုံးဖြစ်သော ပါရဂူဘွဲ့သင်တန်းဖွင့်ပွဲအခမ်အနားကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ပါရဂူဘွဲ့သင်တန်းကို ဘားအံတက္ကသိုလ်၌ ပထမဦးဆုံးအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံတက္ကသိုလ်တွင် ပါရဂူသင်တန်းဖွင့်လှစ်ခွင့်ရရှိရန် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၏ ကြိုးစားမှုကြောင့် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရူပဗေဒနှင့် သတ္တဗေဒဘာသာရပ်များတွင် ပါရဂူသင်တန်းများကို စတင် ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီးဖြစ်သည့်အတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ပါရဂူဘွဲ့သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများအနေဖြင့် အရည်အသွေးပြည့်ဝသည့် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သော ပါရဂူဘွဲ့ရသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ယခုအခမ်းအနားသို့တက်ရောက်လာကြသော သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကလည်း ဘွဲ့တစ်ခုရရုံမျှနှင့်ကျေနပ်တင်းတိမ်မနေကြဘဲ မျက်မှောက်ခေတ်ကာလ၏ လိုအပ်ချက်နှင့်ခေတ်မီတိုးတက်နေသည့် နည်းပညာပိုင်းဆိုင်ရာများကို အစဉ်သတိပြုလေ့လာပြီး ပါရဂူဘွဲ့အဆင့်ထိတက်ရောက်နိုင်ရန် လေ့လာဆည်းပူးကြစေလိုပြီး ဆရာကြီး၊ ဆရာမကြီးများ အနေဖြင့်လည်း နောင်လာမည့်ပညာသင်နှစ်များတွင် ဘာသာရပ်အသီးသီး၌ ပါရဂူသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပါရဘွဲ့သင်တန်းတက်ရောက်ခွင့်ရသော ရူပဗေဒဘာသာရပ်မှ သရုပ်ပြ ဆရာ၊ဆရာမ(၅)ဦး၊ သတ္တဗေဒဘာသာရပ်မှ သရုပ်ပြဆရာ၊ဆရာမ(၂)ဦး စုစုပေါင်း(၇)ဦးအတွက် ငွေကျပ်ခုနှစ်သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ပါရဂူဘွဲ့သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပါရဂူသင်တန်း တက်ရောက်မည့်သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားသည်။
ပါရဂူဘွဲ့သင်တန်းကို ပြီးမြောက်ရန်(၅)နှစ်တက်ရောက်ရမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲကို ဘာသာရပ်ဆိုင်ရာနှင့် အင်္ဂလိပ်စာမွေးခွန်းလွှာ(၂)ခုကို ရေးဖြေ၊နှုတ်ဖြေ စစ်ဆေးအောင်မြင်သူများက ပါရဂူဘွဲ့ကြိုသင်တန်းတစ်နှစ် တက်ရောက်အောင်မြင်ရမည်ဖြစ်ပြီး သုတေသနလုပ်ငန်းကိုအနည်းဆုံး (၃)နှစ်ဆောင်ရွက်ပြီးမှသာ ပါရဂူဘွဲကျမ်းကို တင်ခွင့်ပြုကာ နှုတ်ဖြေစစ်ဆေးအောင်မြင်မှသာ ပါရဂူဘွဲ့ရရှိမည်ဖြစ်သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ပါရဂူဘွဲ့သင်တန်းတက်ရောက်ကြမည့် သရုပ်ပြဆရာ၊ဆရာမများနှင့် အခမ်းအနားသို့တက်ရောက်လာသော သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်တို့သည် ဇွန်လ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဘားအံမွေးမြူရေးဇုန်ရှိ မွေးမြူရေးတောင်သူ ဦးစောအောင်သက်၏ ဒေသကြက် မွေးမြူရေးခြံ၌ ပြည်တွင်းထွက်ကုန်ကြမ်းများနှင့် ဆေးဝါးများ ရောစပ်၍ တိရစ္ဆာန်အစာကြိတ်ခွဲရောနှောထုတ်လုပ်မှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်စီးပွားရေးရာဝန်ကြီးတို့သည် ပြောင်း၊ ဖွဲနု၊ ပဲပေါင်မှုန့်၊ နှမ်းဖက်၊ ငါးပေါင်း၊ ကျောက်နုမုန့်အစရှိသည့် ပြည်တွင်းထွက်ကုန်ကြမ်းများကိုကြိတ်ခွဲပြီး ဆေးဝါးများရောစပ်၍ တိရစ္ဆာန်(ဥစားကြက်၊ အသားစားကြက်)အစာ ထုတ်လုပ်နေမှုနှင့် မွေးမြူထားသည့် ဒေသကြက်များအား ကျွေးမွေးနေမှုအခြေအနေများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)