ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲသီးနှံ‌ ကျောက်မှုန့်မြေဩဇာ (ဂျစ်ပဆန်)ထည့်သွင်းခြင်း စံပြကွက် စိုက်ပျိုး

ကျွန်းလှ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ကြာတကန်ကျေးရွာ၊ ကွင်းအမှတ်(၄၉၀) တောင်သူဦးမြသာ၏ ယာမြေ(၃)ဧကတွင် ယနေ့နံနက်ပိုင်းက ဆောင်းမြေပဲသီးနှံ ကျောက်မှုန့် မြေဩဇာ (ဂျစ်ပဆန်)ထည့်သွင်းခြင်း စံပြကွက်စိုက်ပျိုးကြောင်း သိရသည်။

တောင်သူများ ကျောက်မှုန့်မြေဩဇာ (ဂျစ်ပဆန်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ဆိုဒီယမ်ကို ဖယ်ထုတ်ပြီး သီးနှံအထွက်နှုန်း ကောင်းမွန်ကြောင်း၊ မြေပဲအတောင့်ကြီးထွားပြီး အဆံပြည့်တင်းခြင်း၊ ဆီထွက်နှုန်း ကောင်းခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်မြမြသွယ် က ရှင်းလင်း ပြောကြားသည်။

“ကျွန်တော်ဆောင်းမြေပဲကို တော်သလင်းလပြည့်ကျော်မှာ စတင်စိုက်ပျိုးပါတယ်။ တစ်ဧက မျိုးတစ်တင်းခွဲ စိုက်ပျိုးပြီး မျိုးဖိုး၊ ထွန်ယက်ခ၊ အလုပ်သမားခ၊ မြေဩဇာ၊ ပိုးသတ်ဆေးဖိုး စုစုပေါင်း ငွေကျပ် (၃)သိန်းခန့်ကုန်ကျပါတယ်။ ယခင်နှစ်ကတစ်ဧက တင်း(၆၀)ခန့် ထွက်ရှိပါတယ်ဟု” မြေပဲစိုက်တောင်သူ ဦးမြသာက ပြေပြသည်။

အဆိုပါ ကျောက်မှုန့်မြေဩဇာ (ဂျစ်ပဆန်) ထည့်သွင်းပြီး စံပြကွက်စိုက်ပျိုးခြင်းကို ခရိုင်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာမှ ပညာရှင်များ၊ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ ပူးပေါင်း ဆောင်ရွက်ကြောင်း၊ နည်းပညာပေး စင်တာများ ဖွင့်လှစ်ထားပြီး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ၊ ကျွန်းလှ