တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (နဝမ) အကြိမ်အဖြစ် အသင်းသား (၉၉) ဦးအား (၅၅၄) သိန်း ချေးငွေ ထုတ်ချေးပေး

တနင်္သာရီ ဇွန် ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိန်ခွန်းကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကို (နဝမ) အကြိမ်အဖြစ် အသင်းသူ/ သား (၉၉) ဦးတို့အား ချေးငွေထုတ်ချေးပေးခြင်းကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သူဇာမိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် ရန်ပုံငွေ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခေတ္တမြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သိန်ခွန်းကျေးရွာ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များထံ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၅၅၄) သိန်းကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက သိန်ခွန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၈၁) ဦးအား ငွေကျပ် (၄၅၂) သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၅) ဦးကို ငွေကျပ် (၁၅) သိန်း၊ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ (၁၃) ဦးအား ငွေကျပ် (၈၇) သိန်း၊  သို့ဖြစ်၍ စုစုပေါင်း ချေးငွေအောင်အသင်းသား /အသင်းသူဦးရေ (၉၉) တို့အား မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် (၅၅၄) သိန်း တိတိကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နန်းသာရီ