လိပ်သိုမြို့ တွင် မဲရုံလုံခြုံရေး တာ၀န်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး

လိပ်သို  အောက်တိုဘာ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တွင် မဲရုံလုံခြုံရေး တာ၀န်ထမ်း ဆောင်မည့်  အထူးရဲ (၄၇) ဦးနှင့်နည်းပြ (၈) ဦးအား  Antigen Test Kit  ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို  မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး  ဦးစီးဌာနမှ တာ၀န်ရှိသူများက  ယမန်နေ့ နံနက်ပိုင်းက  ကတ်သလစ် ဓမ္မာရုံ၌ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး  ဦးစီးဌာနမှူး ဒေါက်တာစည်သူစန်း၏  လမ်းညွှန်မှုဖြင့်  လိပ်သိုမြို့  ပြည်သူ့ဆေးရုံ တာ၀န်ခံ  ဆရာ၀န် ဒေါက်တာဇေယျာဦး ၊ ဓာတ်ခွဲမှူး-၄ နော်ညိုညိုသိန်း နှင့် သူနာပြု နော်မီမီဇင်ဟန် တို့က Antigen Test Kit  ဖြင့် နှာခေါင်းတို့ဖတ်ရယူပြီး ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေးခဲ့သည်။

“ လက်ရှိ လိပ်သိုမြို့မှာ ရွေးချယ်ခန့်ထားသော အထူးရဲ (၄၇) ဦးကို လာမည့် နို၀င်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲမှာ မဲရုံလုံခြုံရေးတာ၀န်ကို  ထမ်းဆောင် ရမည်ဖြစ်သည့်အတွက်  ယခုကျန်းမာရေး၀န်ကြီးဌာနနှင့် ညှိနှိုင်းပြီး ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး ဆောင်ရွက်နေပါတယ်၊  သင်တန်းက အောက်တိုဘာ  ၁ ရက်မှ ၂၈ ရက်ထိ ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ၊ ရဲစည်းကမ်းများ စတဲ့  သင်တန်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေး နေပါတယ်၊ သင်တန်း ပြီးဆုံး တဲ့အချိန်မှာ  လုပ်ငန်းကျွမ်းကျင်မှု ရှိအောင်  မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အနီးကပ် ထားရှိသွားမှာဖြစ်ပြီး မဲရုံလုံခြုံရေး တာ၀န်ကို ထမ်းဆောင်စေမှာဖြစ်ပါတယ်   ” လို့ လိပ်သို နယ်မြေစခန်းမှ ရဲအုပ် အောင်ပြည့်စုံက ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆေးချက်အရ သင်တန်း၌ တက်ရောက်နေကြသော သင်တန်းသား အထူးရဲ (၄၇) ဦးနှင့် နည်းပြ (၈) တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)