ဖျာပုံမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်းဆင်းပွဲ ကျင်းပ

ဖျာပုံ ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု " အလှပြင်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၃၀) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "အလှပြင်သင်တန်း" ဖွင့်လှစ်ရခြင်းမှာ ပြည်သူများအလုပ်အကိုင်ရရှိရေး၊ အမျိုးသမီးများရဲ့ဘဝ အသက်မွေးဝမ်းကျောင်းမှုကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးတို့ကို လူမှုဝန်ထမ်းဌာနအနေဖြင့် အမျိုးသမီးများဒေသတွင်း အလုပ်အကိုင်များရရှိစေရန်၊ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး၊ မိမိကိုယ်တိုင်ရပ်တည်နေထိုင်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်း၊ PTTEP International Limited (Yangon Branch) မှ Mr. Arraya Chamitim နှင့် ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမူတို့က သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ကြသည်။ ဆက်လက်၍ အလှပြင်သင်တန်းတွင် မိတ်ကပ်အလှပြင်ခြင်းနှင့်ဆံပင်ညှပ်ခြင်းတို့တွင် ဆုရရှိသူများအားသက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများပေးအပ်ကြပြီး၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင်(ပြန်/ဆက်)