ပေါင်းတည် ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မိုးစပါးစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီနှင့် စိုက်ပျိုးတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးမှု ပိုမိုများပြားလာကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
ယခုနှစ်တွင် မြို့နယ်အတွင်း မိုးစပါး ၇၃၅၁၄ ဧက စိုက်ပျိုးရန် အကောင်အထည်ဖော်လျက်ရှိပြီး ဇွန် ၃၀ ရက်အထိ ၃၂၃၈၇ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း၊ ယင်းစိုက်ခင်းများတွင် မှော်ဘီစပါး ၇၄၀၅ ဧက၊ ရတနာတိုးစပါး၁၁၀၅၀ဧက၊ ရက်၉၀ စပါး ၅၂၃ ဧက၊ အင်းလယ်စပါး ၁၀၀၁၇ ဧကနှင့်ငွေတိုးစပါး ၃၃၉၂ ဧက စိုက်ပျိုးထားခြင်းဖြစ်ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ထိုသို့ထွန်ယက်စိုက်ပျိုးရာတွင် တောင်သူများသည် စက်မှုလယ်ယာဦးစီးဌာနနှင့် ပူးပေါင်း၍လည်းကောင်း၊ မိမိပိုင်စက်ကိရိယာများဖြင့်လည်းကောင်း၊ စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက် စိုက်ပျိုးခဲ့ကြကြောင်း၊ ကျန်ရှိနေသေးသော စိုက်ဧကများကိုလည်း စက်မှုလယ်ယာစနစ်ဖြင့် ဆက်လက်ထွန်ယက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)