ရွှေဘို ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီချိန်က ရတနာင်္ဃခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်ရာဇာဖြိုးက နှုတ်ခွန်းဆက်စကားပြောကြားကာ မြန်မာနိုင်ငံသို့မူးယစ်ဆေးဝါးရောက်ရှိလာပုံ၊ မူးယစ်ဆေးအမျိုးအစားများအကြောင်း၊ မူးယစ်ဆေးသုံးစွဲသူခံစားရသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ပြစ်မှု့နှင့်ပြစ်ဒဏ်များ၊ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာရမည့်အချက်များ၊ မူးယစ်ဆေးဝါးပပျောက်အောင် ပူးပေါင်းနှိမ်နင်းကာကွယ်ရန် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးက ဒုတိယရဲမှူးကြီးအောင်ရာဇာဖြိုးအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။ ဟောပြောပွဲသို့၊ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုး၊ ဒုပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာတင်တင်ရီနှင့်ပါမောက္ခဌာနမှုး၊ ကထိက၊ နည်းပြ၊ သရုပ်ပြဆရာဆရာမများ မော်ကွန်းထိန်းနှင့်ကျောင်းသားကျောင်းသူ (၃၀၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)