မင်းဘူး ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကျောက်တန်း ကျေးရွာမှ တောင်သူများအနေဖြင့် ချဉ်ပေါင်အပါအဝင် စိုက်ခင်းများမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များအား ဈေးကွက်အတွင်း ပို့ဆောင်ရောင်းချခြင်းဖြင့် နေစဉ်ပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြသည်။
အဆိုပါ စိုက်ခင်းများမှ ချဉ်ပေါင်စိုက် တောင်သူ ဒေါ်မြအေးမှ “ ချဉ်ပေါင်ပင်များကို ရာသီမရွေး စိုက်ပျိုးနိုင်သည့်အတွက် ကျွန်မတို့အနေနဲ့ နေ့စဉ်ဝင်ငွေ ရရှိပါတယ်။ မိုးဦးကာလ ရေဝပ်တဲ့နေရာ တွေမှာ စိုက်ပျိုးလို့မရတဲ့အတွက် ကျွန်မတို့က ပေါင်တင် စိုက်ပျိုးကြပြီး ဆောင်းတွင်းနှင့် နွေကာလများမှာ စိုက်ခင်းထဲတွင် ကျဲပက်၍ စိုက်ပျိုးကြ ပါတယ်” ဟုချဉ်ပေါင်ပင် စိုက်ပျိုးပုံနှင့် ပတ်သတ်၍ ပြောပြသည်။
ချဉ်ပေါင်စိုက် တောင်သူများက ဈေးကွက် အတွင်းသို့ ချဉ်ပေါင် (၅) ပင်ပါ တစ်စည်းလျှင် (၁၈၀) ကျပ် ဈေးဖြင့် ဖောက်သည် ပေးရပြီး၊ လက်လီဈေးအနေနဲ ၂၂၅/၂၅၀ စသည်ဖြင့် အမျိုးမျိုးရောင်းချ၍ ချဉ်ပေါင် စိုက်တောင်သူများက ရက်ခြားနုတ် ရောင်းချကာ တစ်ခါ ရောင်းချလျှင် ၅၀၀၀၀ ကျော် ၆၀၀၀၀ အထိ ရရှိကြသည်။
မင်းဘူး(စကု)မြို့နယ်တွင် မြန်မာချဉ်ပေါင်၊ ချဉ်ပေါင်နီ၊ ချဉ်ပေါင်ခါးများ စိုက်ပျိုးလေ့ ရှိကြပြီး ချဉ်ပေါင်စေ့ ကျဲပြီး (၃)ရက်မှ (၅)ရက်အတွင်း အပင်ငယ်များ ဖြစ်လာကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ (၆) ပြည် ကျဲပက်၍ စိုက်ပျိုးရကြောင်းနှင့် စိုက်ပျိုးပြီး (၄၅) ရက်မှ (၆၀) ရက်အတွင်း ခူးဆွတ်ကာ ဈေးကွက် တင်ပို့နိုင်ခြင်း တို့ကြောင့် ချဉ်ပေါင်စိုက် တောင်သူများအနေဖြင့် ပုံမှန်ဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)