နတ်မောက်မြို့နယ်၌ အာဆီယံသပြေပန်း စိုက်ပျိုးရောင်းချသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိ

နတ်မောက် ဇွန် ၃၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပန်းစိုက်ပျိုးသူများ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုင်ဝင်ငွေရရှိစေရန် အာဆီယံသပြေပန်း စိုက်ပျိုးရေးလုပ်ငန်းအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး အာဆီယံသပြေပန်းများ ချိုးယူရောင်းချရသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း နတ်မောက်မြို့ အင်းကုန်းကျေးရွာအတွင်းရှိ အာဆီယံသပြေစိုက်ပျိုးသူထံက သိရသည်။

“ကျွန်မတို့ကျေးရွာက စိုက်ပျိုးရေးလုပ်သူများ အဆင်ပြေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းတွေကို (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံးစိုက်ပျိုးလုပ်ကိုင်ကြပါတယ်၊ စိုက်ပျိုးရေးလုပ်ငန်းကို တစ်နိုင်တစ်ပိုင် ဥယျာဉ်ခြံမြေ များပြုလုပ်ပြီးတော့ ငှက်ပျော၊ခရမ်း၊ တိုင်ထောင်ပဲ၊ ငရုတ်၊ ကြက်သွန်ဖြူ၊ မုံညင်း၊ ချဉ်ပေါင်၊ကန်စွန်း၊ ရွှေဖရုံ၊ နံနံပင်စသည့် စားပင်သီးနှံမျိုးစုံနဲ့  ဘုရားပန်းမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပါတယ်၊ ကျွန်မကတော့ ဘုရားပန်းဖြစ်တဲ့ အာဆီယံသပြေပန်းစိုက်ပျိုးပြီး (၂)နှစ်ကြာမှာ ဘုရားပန်းတွေကို လှိုင်လှိုင်ချိုးယူရောင်းချရပါတယ်၊ အာဆီယံသပြေပန်းကို ငါးခက်စီးတစ်စီးကို လက်လီအနေနဲ့ (၈၀၀)ရောင်းချရပြီး လက်ကားစျေးကတော့ (၆၀၀)နှုန်း ရောင်းချရလို့  တစ်ရက်ကိုဘုရားပန်းရောင်းရငွေကျပ် (၁၅၀၀၀)အထိ ရောင်းချရပါတယ်၊ အခြားသောသပြေပန်းတွေထက် အာဆီယံသပြေပန်းကို လူကြိုက်များတဲ့အတွက် ပိုပြီးတော့ ရောင်းရပါတယ်၊ ဘုရားပန်းစိုက်ပျိုးရာတွင် အာဆီယံသပြေပန်းစိုက်ပျိုးသည့် လုပ်ငန်းက မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရလို့ အဆင်ပြေပါတယ်ဟု” နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ အာဆီယံသပြေ စိုက်ပျိုးရောင်းချသူ ကပြောသည်။

လှဝင်း