နတ်မောက် ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဒေသခံတောင်သူများ ကျွဲနွားတိရစ္ဆာန်အစာ ဖူလုံစေရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးရာသီတိရစ္ဆာန်အစာပင် (နေဗီ ယာမြက်) လက်တွေ့စိုက်ပျိုးခြင်းကို ရွာတော်ကျေးရွာနေ တောင်သူ ဦးဝင်းမြတ်ဌေး၏ ယာမြေ၌ ဇွန်လ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
“ဒေသခံတောင်သူများ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွဲနွားတိရစ္ဆာန်များအတွက် အစာရှားပါးချိန်တွင် အာဟာရပြည့်ဝသော အစားအစာအဖြစ် ကျွေးမွေးနိုင်ရန် ၊ အာဟာရ ပြည့်ဝစေပြီး အထွက်နှုန်းတိုးတက်မြင့်မားလာစေရန် ၊နေဗီယာမြက်စိုက်ပျိုးခြင်းဖြင့် ကျွဲနွားတိရစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့် စနစ်တကျ ပြောင်းလဲမွေးမြူကာ ကြီးထွားဖွံ့ ဖြိုးသော ကျွဲနွားတိရစ္ဆာန်များ ပိုမိုမွေးမြူထုတ်လုပ်နိုင်စေရန်၊ နေဗီယာမြက်သည် နွားစာအဖြစ် ကျွေးမွေးပါက လိုအပ်သောအာဟာရဓာတ် ပမာဏများ ပြည့်ဝစွာရရှိသည့်အတွက် ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း” မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ပြည့်ပြည့်က ပြောကြားခဲ့သည်။
အဆိုပါ နေဗီယာမြက်များ စိုက်ပျိုးခြင်းသို့ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများနှင့်အတူ ရွာတော်ကျေးရွာ ဦးဝင်းမြတ်ဌေး၏ ယာမြေတွင် ၂၀၂၂ ခုနှစ် ၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းအစီအစဉ်အရ နေဗီယာမြက် တစ်ဧက အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဖြိုးဖြိုး