မြို့သစ်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းမုန့်စျေးတန်းစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်

မြို့သစ် ဇွန် ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA မှ ခွင့်ပြုချက်ရှိ/မရှိ စစ်ဆေးကာ ရက်လွန်မုန့်များရောင်းချခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ စနစ်တကျထားသိုရောင်းချခြင်း ရှိ/မရှိတို့ကို ကျောင်းတာဝန်ခံ ဆရာ/ဆရာမများနှင့် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။

မြို့သစ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ဝင်းထက်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များက ကျောင်းသား/ကျောင်းသူများ မိုးရာသီကာလ မသန့်ရှင်းသောအစားအစာများကြောင့် ဝမ်းပျက်/ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေးအတွက် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)