မအူပင် အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ပိုးတွေ့ပြည်သူများ၊ ပိုးတွေ့ပြည်သူများနှင့် ဆက်စပ်သည့်ပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဘက်စုံဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် မအူပင်ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အဖွဲ့မှတာဝန်ရှိသူများ တွေ့ဆုံကာ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရန် ဆွေးနွေး ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင်ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက မအူပင် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသည့် ပြည်သူများအား သတ်မှတ်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ Quarantine ထားရန်အတွက် ထားရှိမည့်သတ်မှတ်နေရာများအား ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ထားရှိရန်၊ သန့်ရှင်းရေး၊ အစားအစာ၊ လေဝင်လေထွက်ကောင်းမွန်ရေး၊ အိပ်ယာအပြင်အဆင်၊ ရေအိမ်သာ စသည်တို့အား စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးပါသည်။
ဆွေးနွေးမှုများအား ခရိုင်အုပ်ချုပ်ရေးမှူးဦးညီညီထွေးက ဆောင်ရွက်ထားရှိသည်များကို တင်ပြ သည်။ ဆက်လက်၍ ဝန်ကြီးမှ မအူပင်မြို့နယ်တွင် Quarantine စင်တာ ၆ နေရာထားရှိပြီး စနစ်တကျထားရှိနိုင်ရန် အမှတ် ၁ ရပ်ကွက်ရှိ စက်မှုသိပ္ပံအထက်တန်းကျောင်းတွင် ထပ်မံပြီး သံသယလူနာများ ထားရန်အတွက် လျှပ်စစ်မီးတိုးမြှင့်တပ်ဆင်ခြင်းဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြား ပါသည်။
ဆွေးနွေးပွဲသို့ မအူပင်မြို့နယ် တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ်ဦးဇော်မိုး၊ ခရိုင် အုပ်ချုပ် ရေးမှူးဦးညီညီထွေး၊ ခရိုင်ဆရာဝန်ကြီးဒေါက်တာကျော်ဇင်နှင့် ခရိုင်မြို့နယ် တာဝန်ရှိ သူများ တက်ရောက်ကြောင်းသိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)