ပွင့်ဖြူ ဇွန် ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးက e-ID စနစ် အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် လက်ပနွယ်ကျေးရွာအခြေခံ ပညာအလယ် တန်းကျောင်းတို့တွင် ကွင်းဆင်းကောက်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူးက e-ID စနစ် အသုံးပြု၍ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်သည့် အထောက်အထား များနှင့် ရရှိခံစားရမည့်အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် လက်ပနွယ် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတို့ရှိ ဝန်ထမ်းများ၏ ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသူဦးရေ ၂၀၅ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ယူဆောင်လာစေပြီး Biographic Data နှင့် Biometric Data များ စနစ်တကျ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး မတူညီဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ်ကာ ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးခဲ့ကြသည်။
အဆိုပါ ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး ဝန်ထမ်း များ၏ ကိုယ်ရေးအချက်အလက်များကောက်ယူရာ၌ တိကျမှန်ကန်မှုရှိစေရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် e-ID စနစ် အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက် အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို ဇွန်(၂၃)ရက်နေ့မှ စတင်ကာ မြို့နယ်အတွင်း ဝန်ထမ်းဦးတည်အုပ်စုစာရင်းများ ခွဲခြားပြီးနေ့စဉ် ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူ များ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာ နိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်း များအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တစ်ခု တည်ဆောက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )