ညောင်လေးပင် အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ပထမဦးဆုံးစောင့်ရှောက် ကုသပေးထားသည့် ပြွန်တန်ဆာမြို့မှ အသက်(၅၀)ကျော်အမျိုးသမီး ကိုဗစ်-၁၉ ပိုးတွေ့ လူနာမှာ ကျန်းမာရေးကောင်းမွန်၍ ယမန်နေ့ နံနက်(၉)နာရီက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာကို မြို့နယ်ပြည်သူ့ဆေးရုံ တွင်သီးသန့် ထားရှိပြီး စောင့်ကြည့် ကုသ ပေးခဲ့ရာ သတ်မှတ်ကာလပြည့်မြောက်သည့်အချိန်အထိ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခြင်း ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာ သောင်းဒန်ဦး ကပြောသည်။
ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရရှိသူအား ဒေါက်တာသောင်းဒန်ဦးမှ ဆေးရုံဆင်း စာအုပ်ပေးအပ်ခဲ့ပြီး Stay at Home နေရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ကာ NLP Volunteer ကားဖြင့် အိမ်တိုင်ယာရောက် လိုက်လံပို့ဆောင် ပေးခဲ့သည်။
ညောင်လေးပင်မြို့နယ်တွင် အောက်တိုဘာ ၁၁ရက်နေ့ နံနက်ပိုင်းအထိ မြို့နယ် ပြည်သူ့ ဆေးရုံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၉)ဦး၊ ပိန်းဇလုပ်တိုက်နယ်ဆေးရုံတွင်(၄)ဦး၊ မြို့နယ် တိုင်းရင်းဆေးရုံတွင်(၃)ဦး ကျန်းမာရေးစောင့်ရှောက်ကုသပေးထားပြီး လူနာအားလုံး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန် ကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)