ပွင့်ဖြူ ဇွန် ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လဝက ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်နိုင်ရန် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်လဝကဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာသို့ ကွင်းဆင်းပြီး ဒေသခံပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်(၂)ဖြင့် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်(၂)ဖြင့် ဒေသခံပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်နိုင်ရေးအတွက် အခမဲ့ ကွင်းဆင်းပြုလုပ်ပေးရာတွင် ပွင့်ဖြူမြို့နယ်လဝကဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရေးအတွက် မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင်ပါရှိရမည့် အထောက်အထားများ၊ မပျောက်ပျက်အောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း ရမည့်နည်းလမ်းများကို ဒေသခံပြည်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လဝကဦးစီးမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာရှိ အသက်(၁၆)နှစ် အထက် ဒေသခံပြည်သူ ၂၃ ဦးကို အထောက်အထားများစိစစ်ပြီး ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ပေးခဲ့ကြပြီး အိမ်ထောင်စုလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် သေဆုံးစာရင်း ပယ်ဖျက်ပေးခြင်းနှင့် လူဦးရေ မွေးတိုးစာရင်း ဖြည့်စွက်ရေးသွင်းခြင်းလုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )