ကယားပြည်နယ်အစိုးရအဖွဲ့မှ ဒီးမော့ဆိုခရိုင်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် နေရပ်ပြန်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

လွိုင်ကော် ဇွန် ၃၀

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဒီးမော့ဆိုခရိုင်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် နေရပ်ပြန်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို  ဇွန်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများနှင့်နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးတည်ချက်ထားအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ နေရပ်ပြန်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးနှင့် စိုက်ပျိုးရေ၊ သောက်သုံးရေရရှိစေရေးတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  ပြည်သူများအနေဖြင့် မိမိတို့ဘဝရေရှည်ရပ်တည်နိုင်ရေးအတွက် မိမိတို့၏မူလလုပ်ငန်းများကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းလာစေရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် နေရပ်ပြန်ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆန် ၊ ဆီများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော နေရပ်ပြန်ပြည်သူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး နေရပ်ပြန်ပြည်သူများ ကိုယ်စားပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော နေရပ်ပြန်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ် (ပြန်/ဆက်)