လိပ်သိုမြို့၊ အမှတ် (၆) ရပ်ကွက်၊ ရွာသစ်ကုန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

လိပ်သို ဇွန် ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့၏ အမှတ် (၆) ရပ်ကွက်၊ ရွာသစ်ကုန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဇွန်လဆန်း မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ပြည်သူများ၊ မော်တော်ယာဉ်များ သွားလာအသုံးပြုလျက် ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းမှာ ယခင်က မြေသားလမ်းသာဖြစ်၍ မိုးတွင်းကာလတွင် ရွံ့ဗွက်များကြောင့် သွားလာသယ်ယူပို့ဆောင်မှု လွန်စွာခက်ခဲခဲ့သော်လည်း မြို့စည်ပင် သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းအဖြစ်သို့ တိုးမြင့်ခင်းခြင်းပေးခဲ့သောကြောင့် ရပ်ကွက်နေပြည်သူများ၊ မော်တော်ယာဉ်များ သွားလာသယ်ယူပို့ဆောင်မှု အဆင်ပြေချောမွေ့သွားကာ ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြောင်း သိရသည်။

၎င်းလမ်းကို ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် (၁၉.၈) သန်းဖြင့် တည်ဆောက်ပေးခဲ့ပြီး လမ်း၏ အရှည်မှာ (၆၅၀) ပေ၊ အကျယ် (၈) ပေနှင့်ထု (၆) လက်မရှိကာ လိပ်သို-ကျမိုင်းလမ်းနှင့် ဆက်သွယ်ပေးထားကြောင်း သိရသည်။

ခင်လေးနွယ်