ကန့်ဘလူ ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ၏ နေ့စဥ် လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စားသောက်ကုန်များကို ပြင်ပစျေးနှုန်းများထက် လျော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့ အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင် တို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လာရောက်ဝယ်ယူကြသူ ပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်၊ ဆီ ၅ ကျပ်သားနှင့် ကြက်ဥနှစ်လုံးစသည့် ပစ္စည်းသုံးမျိုးတို့ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသသူပြည်သူများအား အခမဲ့ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)