ဟင်္သာတခရိုင်၌ပြုလုပ်သည့် ဒေသတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs)ထုတ်ကုန်ပြပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပုသိမ် ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၌ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs)ထုတ်ကုန်ပြပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs)ထုတ်ကုန်ပြပွဲ မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်း​ဒေသကြီး လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ရဲမှူးကြီးတင်​ဇော်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ တာဝန်ရှိများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ခန်းမအတွင်း ပြသထားသည့် သစ်တောထွက်ပစ္စည်းအရောင်းပြခန်း၊ ရေနှင့်ရေထွက်ပစ္စည်း အရောင်းပြခန်း၊ ကြိမ်နှင့် ကြိမ်ထွက်ပစ္စည်း၊ သင်ဖြူးဖျာအရောင်းပြခန်း၊ ပျိုးပင်နှင့် ဇီဝမြေဩဇာ အရောင်းပြခန်း၊ စက်မှုလက်မှုလုပ်ငန်းများဆိုင်ရာပြခန်း၊ ရာဘာထုတ်လုပ်မှုနှင့် ကုန်ချောပစ္စည်းများပြခန်း၊ ပီလောပီနံစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်း၊ စပါးခွံလောင်စာတောင့် ထုတ်လုပ်မှုအရောင်းပြခန်း၊ ကုမ္ပဏီများမှ ပြသထားသည့် လယ်ယာသုံးစက်ကိရိယာ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါပြပွဲအား အများပြည်သူများ​လေ့လာနိုင်​အောင် ယနေ့မှ ဇူလိုင်လ (၁)ရက်နေ့အထိ သုံးရက်ကြာ ပြသွားမည်ဖြစ်ပြီး ပြခန်းပေါင်း (၂၃)ခန်း ပြသသွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ဖက်​​သောင်​ကျေးရွာသို့​ရောက်ရှိ၍ တောင်သူ (၁၀)ဦး၏ လယ်​မြေ ဧက(၈၀)တွင် ထွန်စက်ကြီးများဖြင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စုပေါင်းထည့်သွင်းထွန်ယက်​နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ "မြေဆီလွှာ ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံ​လျှော်)များ ထည့်သွင်းစိုက်ပျိုးစေရေး၊ တောင်သူများအနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ သုံးစွဲကြရန်နှင့် တစ်ဧက အထွက်နှုန်း ပိုမိုထွက်ရှိ​စေရေး ကြိုးစားဆောင်ရွက်ရန်" မှာကြားခဲ့သည်။ ထို့​နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖက်​သောင်​ကျေးရွာ၊ ​တောင်သူ ဦးတင်နိုင်ထွန်း၏ ရှမ်းနံနံပင် စိုက်ခင်း (၁.၅)ဧက သို့​ရောက်ရှိ၍ စိုက်ပျိုးဖြစ်ထွန်း​နေမှုအ​ခြေအ​နေများ၊ ​​စျေးကွက်သို့ တင်ပို့​ရောင်းချမှု​ အ​ခြေအ​နေများအား ​မေးမြန်းခဲ့ရာ ​တောင်သူမှ သိရှိလိုသည်များကို ပြန်လည်​ဖြေကြားခဲ့သည်။

ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်း​တော်ကုန်းကျေးရွာ မိုးစပါးဧက (၁၀၀)စံပြကွက်ရှိ တောင်သူ ဦးသက်နိုင်၏ လယ်​မြေ (၂)ဧက၌ ပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် ​မှော်ဘီ ၃ စပါးမျိုး မျိုး​စေ့ထုတ်စိုက်ခင်းစိုက်ပျိုး​နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ​ဒေသခံ​တောင်သူများနှင့် ရင်းရင်းနှီးနှီး​တွေ့ဆုံနှုတ်ဆက်ခဲ့ကာ "တောင်သူကြီးများအနေဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် သစ်စိမ်း​မြေသြဇာ (ပိုက်ဆံ​လျှော်) ထည့်သွင်းစိုက်ပျိုးကြရန်၊ သဘာဝ​မြေသြဇာများ အသုံးပြု၍ ဓါတ်​မြေသြဇာ သုံးစွဲမှုများ​လျော့ချကြရန်၊ အထွက်တိုး မျိုးကောင်းမျိုးသန့်များ သုံးစွဲကြရန် " မှာကြားခဲ့သည်။ ထို့​နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ ထီ​ခွေ့​ကျေးရွာ၊ ​တောင်သူ ဦး​မောင်​ဇော်၏ နံနံပင် စိုက်ခင်းနှင့် ကွမ်းစိုက်ခင်း သို့​ရောက်ရှိ၍ ​​တောင်သူမှ စိုက်ပျိုးဖြစ်ထွန်း​နေမှုအ​ခြေအ​နေများ၊ ​ဓနုဖြူမြို့မ​စျေးသို့ တင်ပို့​ရောင်းချမှု​အ​ခြေအ​နေများအား လိုက်လံ ရှင်းလင်းတင်ပြခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)