မင်းဘူး ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တပ်ကျောင်းတို့တွင် သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ် အောင်ဇော်မင်း ဦးဆောင်ပြီး ဒုရဲအုပ် ဝေလင်းနိုင်နှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများ ကျောင်းတက်၊ ကျောင်းဆင်းသွားလာရာတွင် ယာဉ်၊လမ်းအန္တရာယ် မဖြစ်ပွားစေရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်တတ်စေရေးတို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်း၊ ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ဦးစားပေးယာဉ်များ၊ မော်တော်ယာဉ် မောင်းနှင်သူနှင့် ယာဉ်နောက်လိုက်ပါစီးနင်းသူများလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြပြီးနောက် တက်ရောက်လာသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ပေါင်း (၅၀၀)ကျော်ကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးအနေဖြင့် မြို့ပေါ်ကျောင်းများတွင် ကျောင်းတက်၊ ကျောင်းဆင်းချိန်၌ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် ယာဉ်လမ်းကြောပိတ်ဆို့မှု မဖြစ်ပွားစေရေး နေ့စဉ်ဆောင်ရွက်ပေးနေသည့်အပြင် ဈေးများ၊ လမ်းဆုံများနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် ယာဉ်၊ လမ်း စည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ဒုရဲအုပ် ဝေလင်းနိုင်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)