ဟင်္သာတ ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSMEs) ထုတ်ကုန်ပြပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့ နတ်မော်လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ (MSMEs) ထုတ်ကုန်ပြပွဲ အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အတွင်းရေးမှူး ဒုရဲမှူးကြီးကျော်မြသန်းနှင့် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါမုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြခန်းများတွင် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့မှ ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)ပြခန်း၊ သစ်တောထွက်ပစ္စည်းများ အရောင်းပြခန်း၊ ရေနှင့်ရေထွက်ကုန်ပစ္စည်းအရောင်းပြခန်း၊ ကြိမ်နှင့်ကြိမ်ထွက်ပစ္စည်း၊ သင်ဖြူးဖျာအရောင်းပြခန်း၊ စက်မှုလက်မှုလုပ်ငန်းများဆိုင်ရာပြခန်း၊ အသေးစားထုတ်ကုန်ပစ္စည်း အရောင်းပြခန်း၊ ဆန်နှင့်ဆန်ထွက်ပစ္စည်းအရောင်းပြခန်း၊ ဆီနှင့်ဆီထွက်ပစ္စည်း အရောင်းပြခန်း၊ ပဲအမျိူးမျိူးပြခန်း၊ ဟင်္သာတဒေသထွက် ငရုတ်ပြခန်း၊ စိုက်ပျိူးရေးဆေးနှင့် သွင်းအားစုပစ္စည်းများပြခန်း၊ စပါးခွံလောင်စာတောင့် ထုတ်လုပ်မှု အရောင်းပြခန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနအရောင်းပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာပြခန်း၊ ပီလောပီနံစိုက်ပျိူးထုတ်လုပ်မှုပြခန်း၊ ရော်ဘာ ထုတ်လုပ်မှုနှင့် ကုန်ချောပစ္စည်းများပြခန်း၊ စိုက်ပျိူးရေးဦးစီးဌာနပြခန်း၊ ပျိူးပင်နှင့်ဇီဝမြေဩဇာပြခန်းများ စုစုပေါင်း(၂၃)ခန်း ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။
ဟင်္သာတခရိုင်ဒေသအတွင်းမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ပြည်သူများသိရှိစေရန် ကြေငြာပေးခြင်း၊ ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများ၌ ပါဝင်ပြသနိုင်စေရန်၊ One Region One Product ဆောင်ရွက်ရာတွင် ပြည်တွင်းဈေးကွက်ကိုသာမက ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်အတွက် (MSMEs) ထုတ်ကုန်ပြပွဲ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ဇွန်လ၂၉ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)